မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့
မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့
နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ်
လုပ်ဆောင်ပေးမယ်လို့ မလေးရှားအစိုးရက ကြေညာပါတယ်။
အောက်တိုဘာ ၂၁
ရက်နေ့ကနေ စတင်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာယာမှာရှိတဲ့
ပြည်ထဲရေးဝန်ကြီးရုံးမှာ ၃ လတိတိ ဆောင်ရွက်ပေးမယ်လို့
မလေးရှားအာဏာပိုင်တွေက ကြေညာထားတဲ့အကြောင်း မလေးရှားရောက်
မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီ စောင့်ရှောက်ရေး စင်တာ (အမ်အမ်အာရ်စီ)က
ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့
မြန်မာနိုင်ငံသားတွေဟာ မလေးရှားအစိုးရရဲ့ 6P အစီအစဉ်နဲ့ မလေးရှားအခြေစိုက်
အကျိုးဆောင်ကုမ္ပဏီတွေကနေတဆင့် တရားဝင် ဖြစ်ရေး မှတ်ပုံတင်ခဲ့ပေမယ့်
ပါမစ်မရဘဲ ငွေလိမ်ခံခဲ့ကြရပါတယ်။
အခုလုပ်ဆောင်ပေးမယ့်
အစီအစဉ်မှာတော့ ကြားဝင်ဆောင်ရွက်ချက်တွေကို လက်မခံသလို အလုပ်ရှင်တွေ
ကိုယ်တိုင် လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ ပါမစ်မရတဲ့
အလုပ်သမားတွေအတွက် ကိုယ်တိုင် သွားရောက် လျှောက်ထားရမှာ ဖြစ်တယ်လို့
အမ်အမ်အာရ်စီက ဦးရန်နိုင်ထွန်းက ပြောပါတယ်။
6P ကာလအတွင်းက
ပါမစ်မရသူတွေကလည်း လက်ထဲမှာရှိတဲ့ နိုင်ငံကူးလတ်မှတ်နဲ့ ပါမစ်ရရှိအောင်
ဆောင်ရွက်နိုင်သလို နိုင်ငံကူးလတ်မှတ် မရှိပါက မလေးရှားလ၀ကရုံးက ပေးတဲ့
အထောက်အထားနဲ့ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း
ပြောပါတယ်။
ဒီအတွက် မြန်မာသံရုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုက
အရေးကြီးသလို အရင်က ပါမစ်ရဖို့ အတွက် အလုပ်သမားတွေ
ငွေကုန်ခံထားရတဲ့ဖြစ်ရပ်တွေကို မလေးရှား အလုပ်သမား သမဂ္ဂတွေက
မေးခွန်းထုတ်တာတွေ ရှိနေတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။
ဒီအတွက်
ပါမစ်မရရှိဘဲ ငွေပေးသွင်းတဲ့သူတွေဟာ အလုပ်ရှင်သူဌေးကို ခေါ်ယူပြီးတော့ 6P
ကာလအတွင်းက ငွေပေးသွင်းထားတဲ့ အထောက်အထား၊ လူဝင်မှုကြီးကြပ်ရေး အထောက် အထား၊
ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီအထောက်အထားနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ရှင်တွေ
စတဲ့ အချက် ၄ ချက်နဲ့ သွားရောက် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှားအခြေစိုက်
အလုပ်သမားအကျိုးဆောင် ကုမ္ပဏီတခုဖြစ်တဲ့ မဟာနန်းမှာ ပါမစ်လုပ်ခဲ့ပြီး
အလိမ်ခံခဲ့ရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား ဦးသန်းစိုးဦးကတော့
ပါမစ်စောင့်တာ မရလို့ သူဌေးက အလုပ်ဖြုတ်လိုက်တဲ့အတွက် ဒီတခေါက်
လုပ်ဆောင်ဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ
တရားမ၀င် အိုဗာစတေးနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအ၀င်
နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှားအစိုးရက ၂၀၁၁ ခုနှစ်တုန်းက အဆင့် ၆
ဆင့်ပါ 6P လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တခု ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
6P
အစီအစဉ်မှာ မှတ်ပုံတင်တာ၊ တရားဝင်အဖြစ် လုပ်ဆောင်တာ၊
လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်တာ၊ စစ်ဆေးမှုတွေ ပြုလုပ်တာ၊ အရေးယူတာနဲ့
ပြည်နှင်ဒဏ်ပေးတာတွေ ပါဝင်ပါတယ်။
အဲဒီအစီအစဉ်ကို မလေးရှား
ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်တာဖြစ်ပြီး တရားမ၀င် အလုပ်သမားတွေ တရားဝင်
မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်။
အခုလို ပြန်လည်
လုပ်ဆောင်ပေးတဲ့အစီအစဉ်မှာတော့ ယခင် 6P အစီအစဉ် လုပ်ဆောင်စဉ်က
ပါမစ်မလုပ်ထားတဲ့သူတွေကိုတော့ လျှောက်ထားဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့
လည်း သိရပါတယ်။
မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်သူတွေကို
အစိုးရတာဝန်ရှိသူတွေက စက်တင်ဘာ လဆန်းပိုင်းကတည်းက စီမံချက်ချပြီး
ဖမ်ဆီးနေရာမှာ မြန်မာနိုင်ငံသား ၅၀၀ ကျော် အဖမ်းခံထားရသလို မလေးရှားမှာ
သိန်းနဲ့ ချီတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
By : ကိုထွေး (ဒီဗွီဘီ)
Ref : http://www.thithtoolwin.info